Showing posts with label မွန်ဘုရင်. Show all posts
Showing posts with label မွန်ဘုရင်. Show all posts

Thursday, November 1, 2007

ဥာဏ်ကြီးရှင် ၀ါရီရူမင်း

ဒီ blog မှာ မြန်မာလို Post တင်ဖို. အရင်ကလုံးဝ အစီအစဉ်မရှိခဲ့ပဲါ့ဘူး။ ဒါမဲ့ - မွန်တို.အကြောင်းကို စိတ်ဝင်စားသော ကိုပီကေ က ကပ်ထားခဲ့သောကြောင့် သူ၏စိတ်ဝင်တစားအားပေးမှူကို အသိအမှတ်ပြုတန်ဖိုးထားသောအားဖြင့် ဒီ Post ကို မြန်မာလိုတင်လိုက်ခြင်းဖြစ်ပါသည်။ နောင်လည်း အလျဉ်းသင့်သလို တင်ပေးဦးမည်။ လာမည်.... ကြာမည်.... မျှော်........


ဝါရီရူမင်းဆက် ခေါ် မုတ္တမမြို.၏မင်းဆက် စတင်တည်ထောင်သူ ၀ါရီရူမင်းသည် ဆင်းရဲသားဘ၀မှ ကြံရည်၊ ဥာဏ်ရည် နှင့်ဝီရိယကြောင့် အထွတ်အထိပ်မင်းအဖြစ်သို. ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ သူသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့ပါသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ၀ါရီရူမင်းအုပ်စိုးလျှက်ရှိသည်။ ငယ်နာမည်မှာ မဂဒူး ဖြစ်သည်။ ယိုးဒယားရာဇ၀င်၌ မိုဂဒိုဟု တွေ့ရသည်။
မဂဒူးက ယခုသထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် (သို့မဟုတ်) ၀န်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးဆယ့်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မဂဒူးတွင် ညီ မဂဒါး၊ နှမ နှင်းဥရွန် ဟူ၍ရှိသည်။
မဂဒူး အသက်နှစ်ဆယ်တွင် အဖကိုယ်စား ကွမ်းရောင်းရန် ငယ်သားသုံးဆယ့်နှစ်ယောက်နှင့် ယိုးဒယားဇင်းမယ်ဘက်ရှိ သောက္ကတဲ့သို့ ထွက်လာခဲ့သည်။ ထိုသို့သွားစဉ် လမ်း၌ ငယ်သားတစ်ယောက် မကျန်းမာသဖြင့် ထိုသူ၏၀န်ကို မဂဒူးကိုယ်တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကို မိုးကြိုးပစ်လေ၍ ထမ်းပိုးနှစ်ပိုင်းကျိုးလေ၏။ ထိုမိုးကြိုးပစ်သော လျှပ်စစ်ရောင်တွင် ရွှေပြာသာဒ် သဏ္ဍာန်တစ်ခုကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။
ထိုသို့တွေ့မြင်လိုက်ရသည်ကို နိမိတ်ကောင်းသည်ဟု ထိုအရပ်ရှိ နိမိတ်ဖတ်ကောင်းသူ စောမွန်ထွတ် လူထွက်ကြီးထံသွား၍ မေးမြန်းရာ သင်၏နိမိတ်ကြီးလှသည်၊ အရပ်နှင့်အမျှ ငွေပုံ၍ပူဇော်မှ ဟောမည်ဆိုသောကြောင့် မဂဒူးလည်း မိမိအရပ်နှင့်ညီသောဝါးကြိုဖတ်၍ ထောင်လျှက် ငွေတစ်ကျပ်တင်ကာ ပူဇော်လေသည်။ ဤသည်ကို မြင်သော စောမွန်ထွတ်က သင်သည် ပါရမီလည်းကြီး၊ ဥာဏ်လည်းကြီးသည်။ ဤနှစ်ပင် မင်းဖြစ်လိမ့်မည်။ ယနေ့မှ စ၍ ကုန်မသွယ်နှင့်တော့၊ မင်းတွင်ခစားလေဟုဟောလေ၏။
မဂဒူးလည်း ကွမ်းများကို ရောင်းချ၍ ငယ်သားတို့အား ပြန်လွှတ်ပြီးလျှင် သောက္ကတဲမင်း၏ ဆင်ဖြူဦးစီးထံ၌ ၀င်ရောက်ခစားလေသည်။ ဆင်ဦးစီးထံ၌ ခစားစဉ် ထကြွသော လုံ့လ၊ ၀ီရိယဖြင့် နေ့ညဉ့်မဟူ ဆင်စာကျွေးခြင်း၊ ဆင်ချေး အမှိုက်များကို သုတ်သင်ရှင်းလင်းခြင်း စသည်တို့ကို ကောင်းစွာပြု၏။ တင်းကုပ်မှာလည်း မဂဒူး ရောင်သည့်နေ့မှစ၍ သန့်ရှင်းနေသောကြောင့် ဦးစီလည်း သူ့ကို သားအရင်းကဲ့သို့ မေတ္တာထားလေသည်။ တနေ့တွင် သောက္ကတဲမင်း ဆင်လာကြည့်သောအခါ သန့်ပြန့်နေသော တင်းကုပ်ကိုမြင်လျှင် မေးတော်မူသောအခါ မဂဒူးအကြောင်းကို သိ၍သနားကြင်နာတော်မူလေသည်။ နောက်တစ်ကြိမ် ဆင်ကြည့်ရန် လာပြန်သောအခါ မင်းကြီးသည် ခံတွင်းဆေးတော်မူရာ မြေ၌မြုပ်နေသောကြွေငယ်တစ်လုံး ရေကျသည့်နေရာ၌ ပေါ်လာသဖြင့် မဂဒူးအားခေါ်၍ ညွှန်ပြတော်မူလျှင် မဂဒူးလည်း ကောက်ယူလေသည်။
မဂဒူးသည်ကြွေစေ့ကိုကြည့်၍ ဤသို့စဉ်းစား၏။ မင်းကြီးသည် ငါ၏လုပ်ရည်၊ ကိုင်ရည်၊ ကြံရည်ကိုစမ်းသပ်လို၍ ဤကြွေစေ့ကိုပေးသည်။ ဤကြွေစေ့ဖြင့် အကျိုးစီးပွားတစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဟု စိတ်ကူးကာ ကြွေစေ့ဖြင့် ဟင်နုနွယ်စေ့ ၀ယ်လေသည်။ ဟင်းနုနွယ်စေ့ရှင်က မင်း၏ကြွေစေ့သည် မဖြစ်လောက်လေးပဲ၊ မင်းလိုချင်က မင်းလက်ညှိုးတွင် တင်သလောက်ယူသွားဟု ဆိုသောကြောင့် မဂဒူးလည်း သူ၏လက်ညှိုးကို တံတွေးစွတ်၍ ထိုးယူရာ ဟင်းနုနွယ်စေ့များ ပါလာလေသည်။ ထိုအစေ့များကို ဆင်တင်းကုပ်ဘေးတွင် ဂရုတစိုက် စိုက်ပျိုးလိုက်သောအခါ အပင်များထွားကြိုင်းရှင်သန်လာလေသည်။ နောက်တစ်ကြိမ် သောက္ကတဲမင်း လာပြန်သောအခါ မဂဒူးလည်း ထွားကြိုင်းသော ဟင်းနုနွယ်ပင်တို့ဖြင့် ဆက်သလေ၏။ မင်းကြီးမေးတော်မူသောအခါ အလုံစုံပြန်၍လျှောက်တင်လေသည်။ မင်းကြီးသဘောကျ၍ ဆင်ကဲထံမှတောင်းယူခဲ့လျှက် ထိုဟင်းကို ချက်၍ဆက်သစေ၏။
ဟင်းနုနွယ်ဟင်း အလွန်အရသာရှိသဖြင့် ထိုနေ့မှစ၍ မဂဒူးအား စားတော်ဖက်ဆိုင်ရာ၌ အကြီးအမှူးခန့်လေသည်။ သူ၏ လုံ့လ ၀ီရိယရှိမှူကြောင့် မကြာမှီ ၀င်းမှူးအရာကို ရလေသည်။
ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးခြားကောင်းမွန်သောကြောင့် စောဋ္ဋိဍံရည် ဟူသောအမည်ကို ပေးတော်မူသည်။ စောလိလပ်ရှဲ ဟုလည်းအချို.ရာဇ၀င်၌ ဆိုကြသည်။ ယိုးဒယား ရာဇ၀င်၌မူ ကျောက်ဖရုအာ ဟုတွေ့ရသည်။ ဤသို့ ၀င်းမှူးအရာဖြင့် အထဲဝင် အပြင်ထွက် မင်းခမ်းမင်းနား ရှိသမျှကို ပြင်ဆင်နေရသောကြောင့် သောက္ကတဲမင်း၏သမီတော် မည်းနှင်းသွယ်ဒါ နှင့် ချစ်ခင်စုံမက်ကြလေ၏။
ထိုအချိန်တွင် သောက္ကတဲ ကျေးလက်ရွာများ၌ ကုလားဇ၀ါတို့ စစ်ပြုလာသောကြောင့် မင်းကြီး ထိုရွာများသို့ ချီတက်တော်မူရာ မဂဒူးအား မြို.စောင့်ထားခဲ့၏။
သိပ်မကြာမီမှာပဲ မဂဒူး နှင့် သမီးတော် ရည်ငံနေကြောင်းကို မှူးမတ်များသိသဖြင့် ဘုရင့်ထံ စာဖြင့် လျှောက်တင်သောကြောင်းကို မဂဒူးကြားသိရာ မင်းသမီးကို ဆင်နှင့်တင်၍ ဒပြိုင်ပတ်ဝါလမ်းဖြင့် ဇာတိဒုံဝန်းသို့ ခိုးပြေလေသည်။ မဂဒူးနှင့် စိတ်တူသဘောတူဖြစ်သော ဒိုင်းကိုင် ၇၀ နှင့် ရှမ်းသူရဲကောင်း ၂၀၀ ကျော်လည်းပါလာလေသည်။ ဒုံဝန်းသို့ ရောက်လျှင် ထိုအရပ်ကို မြို.တည်လျှက်မင်းပြုလေသည်။
ထိုအချိန်၌ မဂဒူးသည် မြန်မာမင်း၏ လက်အောက်ခံ- မုတ္တမစား- အလိမ္မာအမတ်နှင့် မိတ်ဖွဲ့ရသော် အကျိုးရှိမည်ကို မြင်မိလျှင် မိမိနှမ နှင်းဥရွန်ဆက်သ၍ မိတ်ဖွဲ့လေ၏။ သို့သော် အလိမ္မာအမတ်က အကောက်ကြံ၍ စားဖွယ်သောက်ဖွယ်တို့၌ အဆိပ်ခတ်ထားကြောင်း မဂဒူးသိသောအခါ အလိမ္မာအမတ်ကို လုပ်ကြံကာ မုတ္တမမြို.ကို သိမ်းပိုက်လေသည်။ သက္ကရာဇ် ၆၄၃ ခုနှစ်တွင် မုတ္တမကိုရ၍ နောက်မကြာမီ အောက်မြန်မာ တစ်နိုင်ငံလုံးကိုရသည်။
မဂဒူး၏ သတင်းကို သောက္ကတဲမင်းကြီး ကြားသိလေလျှင် ၀မ်းမြောက်တော်မူကာ သားမက်တော်အပေါ်၌ အမျက်တော်ပြေပြီးသော် မင်းမြှောက်တန်ဆာ ငါးပါးပေးပို့လေသည်။ မိုးပေါ်ကကျလာသောမင်းဟု အဓိပ္ပါယ်ရသော ၀ါရီရူ ဟူသော ဘွဲ့ကိုလည်းခံစေသည်။ ၆၄၉ ခုနှစ်တွင် မုတ္တမမြို.ဟောင်းတောင်ဖက်တွင် သုတ်သင်ရှင်းလင်းပြီးနောက် ထီသစ်နန်းသစ်တည်၍ နန်းစိုက်သည်။
မင်းပြု၍ သုံးနှစ်တိုင်လျှင် ပြည်သူတို့ နှလုံးချမ်းသာအောင် ဓမ္မသတ်စာစောင် စီရင်စေသည်။ ယခုတိုင် ယင်းဓမ္မသတ်ကို ၀ါရီရူဓမ္မသတ်ဟု ခေါ်တွင်သည်။
ပဲခူးတွင်မင်းပြုနေသော တရဖျားအမည်ခံ ပဲခူးစား ငပမွန် နှင့် ၀ါရီရူမင်းသည် အချင်းချင်းသမီးပေး၍ မဟာမိတ်ပြုကြလေသည်။ ထိုနောက် တရဖျားအကောက်ကြံသည်ကို တရဖျား၏မိဖုရားဖြစ်သူ၊ ၀ါရီရူ၏သမီးတော်လျှောက်ထားသဖြင့် သိရာ တရဖျားအားကွပ်မျက် ပဲခူးတွင်မြို.စားတစ်ဦးခန့်၍ မုတ္တမတွင် ထီးနန်းတည်၍ ရာမညတိုင်းတစ်တိုင်းလုံးကို ၀ါရီရူမင်း နတ်ရွာစံသည်အထိ အုပ်ချူပ်ခဲ့လေသည်။ ၀ါရီရူမင်းမှစ၍ မုတ္တမမင်းရှစ်ဆက်ရှိလေသည်။

မွန်တိုင်းရင်းသားလူမျိုးများအကြောင်းမှ ကောက်နှူတ်တင်ပြသည်။