Friday, November 28, 2008

"မလွမ်းချင်ဘူးမင်းကို"



ငါ့နှလုံးသားရဲ့ တောင်းဆိုချက်ကိုပဲ မလွန်ဆန်နိုင်လို့လား ?

ဦးနှောက်ရဲ့စီမံရာကို ငါမလိုက်နာနိုင်တာလား ?

အခုထိ မင်းကိုလွမ်းနေရတာ

ဝဋ်ကြွေးတစ်ခုလို့ ပညတ်ပါရစေတော့ ။


အချိန်ပြည့် လွမ်းမနေခဲ့ပေမဲ့

တခါတရံ လွမ်းရမှာတောင်

ငါ့မှာ အင်အားတွေ မရှိဘူးဆိုတာ

မင်းသိမှာပါ ။


တခါတရံလေး လွမ်းဖို့တောင်

ငါ့ကို အင်အားတွေ မပေးခဲ့တဲ့မင်းကို

ငါ အပြစ်တင်နေရင်လဲ

ဒါတွေဟာ အပိုပဲဆိုတာကို သိလျက်နဲ့

အသိမဲ့စွာနဲ့ လွမ်းနေရတာတွေဟာ

မင်းပေးခဲ့တဲ့ ဝေဒနာတွေပဲဆိုတာ

ငါ့မှာ ငြင်းခွင့်မရှိပါဘူး ။


မလွမ်းသင့်ဘူးဆိုတာ

ငါသိနေပါတယ်

ဒါပေမဲ့လည်း

ငါလဲ ခံစားချက်နဲ့လူပဲလေ

တခါတရံမှာတော့

ငါလည်း မလွန်ဆန်နိုင်သေးဘူး ။


ဒါပေမဲ့လည်းလေ

ပျောက်ဆုံးသင့်တဲ့

ခံစားချက်တစ်ခုအဖြစ်

သတ်မှတ်ခဲ့လို့

ငါတောင်းဆိုပါရစေ

အသိတရားတွေနဲ့ ငါ့ကို

မလွမ်းတတ်တော့အောင်

တားလှည့်ပါ ။


တကယ်ပါပဲ ----

ငါ မလွမ်းချင်တော့ဘူး မင်းကို


ယဉ်မွန်လှိုင်း (၂၆/၇/၀၈)